ကော်ရိုနာဆိုတာ ဘာလဲနှင့် ၎င်းအတွက် သင်ဘာလုပ်နိုင်သလဲ။

ကော်ရိုနာဗိုင်းရပ် သို့မဟုတ် ကော်ရိုနာသည် (အလွန်သေးငယ်၍ သာမန်မျက်စိနှင့် မမြင်နိုင်သော) ပိုးမွှားသေးတစ်မျိုးဖြစ်ပြီး ၎င်းက လူကို နာမကျန်းဖြစ်စေနိုင်သည်။ ကော်ရိုနာသည် တုပ်ကွေးနှင့် ဆင်တူသောရောဂါလက္ခဏာများဖြစ်သော ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှုမှုတိုတောင်းခြင်း၊ ဖျားခြင်းနှင့် ကိုယ်ခန္ဓာကိုက်ခဲခြင်းတို့ကို ဖြစ်စေနိုင်သည်။ ကော်ရိုနာသည် အများအားဖြင့် အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်သည်။ ရောဂါကူးစက်ခံရမှု အများစုသည် အန္တရာယ်မရှိသော်လည်း နျူမိုးနီးယား (ပြင်းထန်အဆုပ်ရောင်ရောဂါ) ကို ဖြစ်စေနိုင်ပြီး ရောဂါပြင်းထန်လျှင် အသက်ဆုံးပါးသည်အထိ ဖြစ်စေနိုင်ပါသည်။

လူတိုင်းတွင် ကော်ရိုနာရောဂါဖြစ်နိုင်သည်။ သက်ကြီးရွယ်အိုများနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ကင်ဆာ၊ ဆီးချိုကဲ့သို့ ရောဂါအခံရှိသူများတွင် အလွန်အန္တရာယ်များပြီး ရောဂါပိုမိုပြင်းထန်စေပါသည်။

နာမကျန်းသူတစ်ဦးက လူနှင့် အခြားမျက်နှာပြင်များ သို့မဟုတ် အစားအစာများတွင် အသက်ရှူမိစဉ်၊ ချောင်းဆိုးမိစဉ်၊ နှာချေမိစဉ် အခါများတွင် စင်နိုင်သော တံတွေးစက်များမှတစ်ဆင့် ကော်ရိုနာရောဂါ ကူးစက်ပြန့်ပွားနိုင်သည်။ ၎င်းရောဂါပိုးသည် ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများမှတစ်ဆင့် လူ၏ ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်နိုင်သည်။ ရောဂါပိုးများသည် ကိုယ်ခန္ဓာထဲ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဆထက်တိုးပွားပြီး ကိုယ်ခန္ဓာအတွင်း အခြားနေရာများသို့ ပြန့်သွားနိုင်သည်။ ကော်ရိုနာရောဂါပိုးသည် ပြင်ပရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ ကိုယ်ခန္ဓာအတွင်းတွင် ၁၄ ရက် အထိ ငုပ်နေနိုင်ပြီး အခြားသူများထံသို့ ဗိုင်းရပ်ပြန့်ပွားစေနိုင်သည်။

ပဋိဇီဝဆေး သို့မဟုတ် အိမ်သုံးဆေးများက ကော်ရိုနာကို သေစေနိုင်ခြင်းမရှိပါ။ ကော်ရိုနာဗိုင်းရပ်နှင့် ထိတွေ့မှုမရှိအောင် ရှောင်ကြဉ်ခြင်း၊ မကြာခဏ လက်ဆေးခြင်းတို့ဖြင့်သာ ကော်ရိုနာကို ကာကွယ်နိုင်ပါသည်။

ကူးစက်ခံရမှုမှကာကွယ်နိုင်ရန် သင့်လက်များကို ဆပ်ပြာနှင့် ရေတို့ဖြင့် ဆေးကြောပါ။ လက်များ အမြင်အားဖြင့် ညစ်ပတ်မနေချိန်တွင်လည်း ထိုသို့ ဆေးကြောပေးပါ။ စက္ကန့် ၂၀ ကြာ ဆပ်ပြာတိုက်ခြင်း ရေလောင်းဖြင်းဖြင့် ဆေးကြောပါ။ လက်သည်းကြားများကို တိုက်ချွတ်ခြင်း၊ လက်တစ်ချောင်းလုံးနှင့် လက်ကောက်ဝတ်များပါမကျန် သေချာဆေးကြောပေးပါ။ လက်ကို ဆပ်ပြာနှင့် ရေတို့ဖြင့် ဆေးကြောခြင်းအားဖြင့် လက်တွင်ကပ်နေနိုင်သော ဗိုင်းရပ်များကို သေစေနိုင်ပါသည်။ အစားအစာများကို ချက်ပြုတ်မပြင်ဆင်မီ၊ ပြင်ဆင်နေစဉ်နှင့် ပြင်ဆင်ပြီးချိန်၊ အိမ်သာတက်ပြီးချိန်၊ အစာမစားမီ၊ နာမကျန်းသူများကို ပြုစုစဉ်၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်အညစ်အကြေးများကို ကိုင်တွယ်ပြီးချိန်၊ ချောင်ဆိုးပြီးချိန်၊ နှာချေပြီးချိန် သို့မဟုတ် နှပ်ညှစ်ပြီးချိန်တို့တွင် အမြဲတမ်း လက်ဆေးပါ။

မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို လက်ဖြင့်မထိမီ လက်ကို ဦးစွာဆေးကြောပါ။ လက်များသည် ဟိုဟိုသည်သည်နှင့် ထိတတ် ကိုင်တတ်သောကြောင့် ဗိုင်းရပ်တွယ်ကပ်နိုင်ပါသည်။ လက်များတွင် ဗိုင်းရပ်တွယ်လာပြီဆိုပါက လက်မှတစ်ဆင့် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ထံ ဗိုင်းရပ်ရောက်သွားနိုင်ပါသည်။ ၎င်းနောက် ဗိုင်းရပ်သည် ထိုနေရာများမှတစ်ဆင့် သင့်ကိုယ်ခန္ဓာအတွင်းသို့ ဝင်နိုင်ပြီး သင့်အား နာမကျန်းဖြစ်စေနိုင်ပါသည်။

အဖျားရှိသူ၊ ချောင်းဆိုးသူနှင့် အခြား အသက်ရှူရောဂါလက္ခဏာရှိသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ရှားရန် အလွန်အရေးကြီးပါသည်။ ချောင်းဆိုးစဉ် သို့မဟုတ် နှာချေစဉ်တိုင်းတွင် သင့်ပါးစပ်နှင့် နှာခေါင်းတို့ကို တံတောင်ကွေးဖြင့် သို့မဟုတ် တစ်ရှူးစက္ကူနှင့် အုပ်ပါ။ ၎င်းနောက် အုပ်ထားသော တစ်ရှူးစက္ကူကို ချက်ချင်းစွန့်ပစ်ပါ။ လူသူပတ်ဝန်းကျင်တွင် တံတွေး မထွေးပါနှင့်။

ချောင်းဆိုးနေသူ သို့မဟုတ် နှာစေးနေသူများနှင့် အနည်းဆုံး ၁ မီတာ (၃ ပေ) အကွာတွင် နေပါ။ အဖျားရှိသူ၊ ချောင်းဆိုးသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

သင်သည် ဖျားနေသူ၊ ချောင်းဆိုးနေသူ သို့မဟုတ် အသက်ရှူရခက်နေသူတစ်ဦးဦးကို စောင့်ရှောက်ရန် လိုအပ်ပါက အကာအကွယ်နှာခေါင်းစွပ် သို့မဟုတ် အဝတ်နှာခေါင်းစွပ်ကို မမေ့မလျော့ဝတ်ဆင်ထားပြီး အထူးသဖြင့် လက်သန့်စင်ခြင်းအလေ့အကျင့်ပြုလုပ်ရန် အရေးကြီးပါသည်။

ကော်ရိုနာကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ အခြားသူများနှင့် ကိုယ်ခန္ဓာချင်း ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်ပါသည်။ လက်ဆွဲနှုတ်ဆက်ပြီးနောက် လက်ဖြင့် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိမိခြင်းအားဖြင့် ကော်ရိုနာနှင့် အခြားဗိုင်းရပ်များ ပြန့်ပွားနိုင်ပါသည်။ ထို့ကြောင့် အခြားသူများနှင့် တွေ့လျှင် လက်ဆွဲနှုတ်ဆက်ခြင်း၊ ဖက်ရမ်းနှုတ်ဆက်ခြင်းနှင့် နမ်းရှုတ်နှုတ်ဆက်ခြင်းတို့ကို ရှောင်ရှားပါ။ လက်ပြ၍သော်လည်းကောင်း၊ ခေါင်းငြိမ့်၍သော်လည်းကောင်း ဦးညွတ်၍သော်လည်းကောင်း နှုတ်ဆက်ခြင်းကို အစားထိုး ကျင့်သုံးပါ။ သင့်နေရာပတ်ဝန်းကျင်တွင် ကော်ရိုနာဗိုင်းရပ်ပိုးရှိသည်ဟု ထင်ပါက အခြားသူများနှင့် ထိတွေ့ခြင်းကို ရှောင်ရှားနိုင်ရန် အိမ်တွင် နေပေးပါ။

နာမကျန်းစဖြစ်လျှင် ခေါင်းကိုက်ခြင်း အနည်းငယ်နှာစေးခြင်းကဲ့သို့ အပျော့စား ရောဂါလက္ခဏာများပင် ဖြစ်စေကာမူ ၎င်းရောဂါများ ပျောက်ကင်းသည်အထိ အိမ်တွင်နေပါ။ နှာစေးခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ဖျားခြင်းတို့ ဖြစ်လာပါက ၎င်းသည် အသက်ရှူလမ်းကြောင်းတွင် ရောဂါပိုး ရောက်ရှိခြင်း သို့မဟုတ် အခြားပြင်းထန်သော ရောဂါအခြေအနေများကြောင့် ဖြစ်နိုင်သောကြောင့် အမြန်ဆုံး ဆေးခန်းပြပါ။

ကော်ရိုနာနှင့် ပတ်သက်သော တလွဲယုံကြည်မှုများနှင့် ကောလဟာလများကလည်း အလွန်အန္တရာယ်များပြီး လူ့အသက်များ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ ဥပမာ - အစွန်းချွတ်ဆေး သို့မဟုတ် အရက်ကဲ့သို့ အရာများ သောက်သုံးခြင်းသည် ကော်ရိုနာကို မကာကွယ်နိုင်ဘဲ သင့်ကိုဒုက္ခပေးစေနိုင်ပါသည်။ သင့်သူငယ်ချင်းများနှင့် ဆွေမျိုးအရင်းများထံမှ ရရှိသော သတင်းအချက်အလက်များသည်ပင်လျှင် မှားနေနိုင်၊ အန္တရာယ်ရှိနေနိုင်ပါသည်။ ဌာနေကျန်းမာရေးအရာရှိများမှ ထုတ်ပြန်သော လူထုကျန်းမာရေး အကြံဉာဏ်များကိုသာလျှင် တိတိကျကျလိုက်နာပါ။

ဤစာကို ဖြန့်ဝေခြင်းအားဖြင့်လည်း ကော်ရိုနာကို တိုက်ခိုက်နိုင်ပါသည်။ ဤစာကို သင့်သူငယ်ချင်းများနှင့် မိသားစုများထံ WhatsApp ကဲ့သို့သော မက်ဆေ့(ချ်)ဝန်ဆောင်မှုများ သုံးပြီး မျှဝေပါ။

ဤစာပါ အကြောင်းအရာများကို တစ်ကမ္ဘာလုံးဆိုင်ရာ အသံဖြင့် ကျန်းမာရေးအသိပညာပေးရေး စီမံကိန်းတစ်ခု ဖြစ်သော Audiopedia မှ ပေးပို့ပါသည်။ www.audiopedia.org
တွင် ပိုမိုလေ့လာနိုင်ပါသည်။